လွတ်လပ်ခြင်းဆိုသည်မှာ မူလသဘောတရားအားဖြင့်
အဓိပ္ပါယ်နှစ်မျိုးထွက်နိုင်လေ၏။ ပထမတစ်မျိုးကား ပရမတ္တသဘော သံသရာမှလွတ်မြောက်ခြင်း၊
ကိလေသာတရားတို့၏ အနှောင်အဖွဲ့ခံရခြင်းမှ လွတ်ထွက်သွားသော သဘောပါလေသည်။ ဒုတိယတစ်မျိုးမှာ
သမုတိသဘော အချုပ်အနှောင်မှ ကင်းလွတ်ခြင်းဖြစ်သည်။ လွတ်လပ်ခြင်းတွင် လွတ်ခြင်းနှင့်လပ်ခြင်း
သဘောတရား ပါလေသည်။ လွတ်ခြင်းဟူသည့် လွတ်ကျွတ်လွတ် မြောက်ထွက်လာသည့်သဘော တရားဖြစ်၏။
လပ်ခြင်းဆိုသည်မှာ လစ်လပ်ခြင်းသဘော/ဟင်းလင်း ဖြစ်ခြင်းသဘော ဖြစ်လေ၏။
လွတ်လပ်ခြင်းသည် ကောင်းသောသဘော/ အများကြိုက်နှစ်သက်သည့်သဘော
ပါဝင်လေ သည်။ သို့သော် လွတ်လပ်ခြင်းဟူသောသဘောသည် သူ၏ကိုယ်ပိုင်ရပ်တည်ခြင်း မဖြစ်ပေါ်နိုင်ပေ။
မလွတ်လပ်ခြင်း ချုပ်နှောင်ခံရခြင်းနှင့်အပြန်အလှန် ထောက်မရခြင်းသဘော ရှိရလေသည်။ ထိုမလွတ်လပ်သော
အချုပ်အချယ်တို့မှ ရုန်းထွက်လိုခြင်းနှင့် ရုန်းထွက်နိုင်ခဲ့ခြင်း အောင်မြင်ပါမှ လွတ်လပ်ခြင်းကို
ရနိုင်လေသည်။
လွတ်လပ်ခြင်းသည် ကောင်းမွန်သောလူသားမျိုးနွယ်၏
ဆင့်ကဲဖြစ်စဉ်များတွင် အဓိကအခန်း ကဏ္ဍမှ အလွန်အရေးကြီးစွာပါဝင်နေပေသည်။ လွတ်လပ်မှုမရှိလျှင်
ပွင့်လင်းသောအတွေးအခေါ်များ မရရှိနိုင်ပေ။ အတွေးခေါ်မပွင့်လင်းပါက အတတ်ပညာမဆန်းသစ်နိုင်ပေ။
အတတ်ပညာမဆန်းသစ်ပါ က ဆန်းသစ်သောတီထွင်မှုမရရှိနိုင်ပေ။ အတွေးအခေါ်အားနည်းခြင်း၊ အတတ်ပညာနည်းပါးခြင်း၊
တီထွင်ဆန်းသစ်မှုမရှိခြင်းသည် ခေတ်နောက်ကျခြင်းပင်ဖြစ်လေသည်။
ထို့ကြောင့် လွတ်လပ်ခြင်းမရှိသူတို့သည်
အချုပ်အချယ်မှ ရုန်းထွက်လိုကြသည်။ သို့သော် လွတ်လပ်ခြင်းသည် ရုန်းထွက်ခြင်းကိစ္စ ပြီးမြောက်သော်လည်း
တည်ငြိမ်သောအဆင့်သို့ တိုက်ရိုက် မရောက်နိုင်သေးပေ။ လွတ်လပ်ခြင်း၏ သဘောသဘာဝကို ပြည့်စုံစွာ
ခံစားနိုင်ရန်လည်း လိုအပ်ပေသည်။ ထိုသို့ခံစားနိုင်ရန် တည်ငြိမ်အေးချမ်းသောလွတ်လပ်ခြင်း
အဖြစ်ဖြင့်စတင်တည် ဆောက်ရပေမည်။ တည်ဆောက်သည့်အခါ တိကျသေချာ၍ မိမိအကျိုးနှင့် အများအကျိုးအား
အာမခံချက်ပေးနိုင်သော စည်းမျဉ်းစည်းကမ်းများ ချမှတ်လိုက်နာနိုင်စွမ်းရှိရပေ မည်။
အချုပ်အချယ်ခံရစဉ်က စည်းမျဉ်းများသည် တစ်ဖက်သက်အကျိုးစီးပွားအတွက်
ချမှတ်ထားခဲ့၍ ချုပ်ချယ်ခံရသူတို့သည် ကျူးလွန်ဖောက်ဖျက်သူဖက်ကသာ တည်ရှိခဲ့သောကြောင့်
ချမှတ်သူတို့ဖက်ကအနေဖြင့် မစဉ်းစားခဲ့ရပေ။ ထိုချမှတ်သူတို့ရရှိခဲ့သော (ကျူးလွန်သူကြောင့်) တန်ပြန်အကျိုးသက်ရောက်မှုမျိုး မခံစားခဲ့ရပေ။ လွတ်လပ်သောအခါတွင်မူ
မိမိတို့ချမှတ်သော စဉ်းမျဉ်းစည်းကမ်းများ၏ အကျိုးသက်ရောက်မှုအပြင် တန်ပြန်သက်ရောက်သောအကျိုးအားလည်း
ထိုချမှတ်သူနှင့်ပါဝင်သူအား လုံးခံစား၊ စံစားကြရပေမည်။
ထို့အပြင်ချမှတ်သော လုပ်ဆောင်လိုက်နာရန်
စည်းဘောင်များသည် သင့်တင့်မျှတ၍ အံဝင်ခွင်ကျဖြစ်ရန်လည်း အရေးကြီးပေသည်။ သင့်တင့်၍မျှတခြင်းမှ
ကင်းဝေးလျှင်သော်လည်း ကောင်း၊ အံဝင်မှုလွဲချော်လျှင်သော်လည်းကောင်း တည်ငြိမ်မှုနှင့်
အေးချမ်းမှု ဆိတ်သုဉ်းသွားနိုင်လေ သည်။ ထိုအခါလွတ်လပ်ခြင်းသည် ကောင်းကျိုးထက် ဆိုးပြစ်ကိုသာပေးစွမ်းနိုင်ခြင်းကဲ့သို့
ဖြစ်သွားနိုင် လေသည်။ ထို့ကြောင့် စဉ်းဘောင်များချမှတ်၊လိုက်နာ၊လုပ်ဆောင်ရာတွင် ကန့်သတ်ချုပ်ချယ်လိုခြင်း
အဓိကမဟုတ်စေဘဲ ချမ်းသာကောင်းကျိုးများ အတတ်နိုင်ဆုံးပေးစွမ်းနိုင်စေလိုမှုကိုရှေးရှု၍
ဆောင်ရွက်နိုင်စေရန်အလွန် အရေးကြီးပေသည်။
ဤသဘောတရားအရ ကြည့်လျှင် လွတ်လပ်ခြင်းသည်
လူသားမျိုးနွယ်အားလုံးအတွက် အထူးလိုအပ်လှသော်လည်း ခိုင်မာ၍အကျိုးများစေသော စည်းမျဉ်းစည်းဘောင်များ
အထူးလိုအပ် သည်ဟု ယူဆမိလေသည်။