တရားခြင်းဟူသည် ပင်ကိုအရှိသဘောဖြစ်လေသည်။ လက်တွေ့အားဖြင့်မူ ကျယ်ဝန်းနက်ရှိုင်းသော သဘောတရားများများစွာ ရှိနိုင်လေသည်။ တရားတွင်လည်း အယူအဆအားဖြင့် လောကီလောကုတ္တရာ အားဖြင့်(၂)မျိုးဟု ယူဆစရာရှိလေသည်။ သဘောတရားအားဖြင့် မည်သို့ပင်ကျယ်ဝန်းနက်စေကာမူ ဖောက်ပြန်ပြောင်းလဲခြင်းမရှိသော အရှိတရားများကို ဖော်ပြညွှန်းဆို နိုင်သောသဘောတရားများအားလုံးသည် တရားသာလျှင်ဖြစ်ပေသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင် ရှာဖွေညွှန်းဆို ဟောပြောပြသခဲ့သောအရာများသည်လည်း မဖောက်မပြန်မှန်ကန်သော အရှိတရားများကိုဖော်ပြခဲ့ခြင်းကြောင့် တရားများဖြစ်လေသည်။ များစွာသောကျွန်ုပ်အပါအဝင် လူသားအပေါင်းတို့သည် တရားဟုဆိုလိုက်လျှင် မိမိတို့ဆိုင်ရာကိုးကွယ်ရာ ဘုရားရှင်တို့ဒေသနာများဟု ထင်မှတ်ခံယူမိကြလေသည်။ မှန်ကန်ဖြောင့်မတ်ခြင်းအရှိသဘောအား ကျော်သွားကြလေသည်။
ထို့အတူမျှတခြင်း၌လည်း အညီအညွတ်ခွဲချမ်းဝေမျှခြင်းနှင့် သင့်တင့်လျောက်ပတ်ခြင်းဟူသော သဘောတရားရှိလေသည်။ သို့သော်၎င်းမှာကား ပြုလုပ်ခြင်း၊ပြုမူဆောင်ရွက်ရခြင်း အဖြစ်သဘော ဖြစ်လေသည်။ မျှတခြင်းသည်ကား ပြုမူဆောင်ရွက်ပေးရသော ပြုပြင်ပြောင်းလဲပေးခြင်းမှရသော သဘောဖြစ်လေသည်။
ထို့ကြောင့် ပါဝင်ပေါင်းစပ်သူအားလုံးအပေါ်၌ ရသင့်သည်များကို မျှတစွာရယူခံစားစေနိုင်ခြင်းသည် တရားစွာမျှတခြင်းဖြစ်လေသည်။ ပါဝင်ပေါင်းစပ်သူအားလုံးနှင့်စပ်လျဉ်း၍ ရသင့်ရထိုက်သော ခံစားသင့်ခံစားထိုက်သော သဘောတရားရှိသော အကြောင်းအရာ အဆိုးအကောင်းတို့အပေါ်၌ မျှတစွာ ဝေဖန်ပိုင်းခြားမရှိလျှင် တရားမျှတခြင်းမရှိဟုဆိုနိုင်လေသည်။ ထိုသို့မျှတစွာ ဝေဖန်ပိုင်းခြားခွင့် ရှိပါလျှက် မျှတစွာဆောင်ရွက်ခြင်းမပြုနိုင်လျှင် တရားမျှတခြင်းမရှိသူဟုသမုတ်နိုင်လေမည်။ ထို့ကြောင့် ထိုတရားခြင်းနှင့်မျှတခြင်းနှစ်မျိုးတွင် တရားခြင်းသဘောတရားကိုသိ၍ မျှတစွာမဆောင်ရွက်လျှင်သော် လည်းကောင်း၊ မျှတစွာဝေဖန်ခွဲခြမ်းခြင်းဆောင်ရွက်ပါသော်လည်း ဖြောင့်မတ်မှန်ကန်ခြင်းရှိ/မရှိ ဝေဖန်စဉ်းစားနိုင်ခြင်းချို့ယွင်းခဲ့လျှင်သော်လည်းကောင်း တရားမျှတခြင်းမရှိဟု ယိုးစွပ်ခံရနိုင်ပေမည်။
အချုပ်ဆိုရပါမူ တရားမျှတခြင်းသည် အရှိသဘော၊ မဖောက်မပြန်မှန်ကန်သော သဘောတို့အား ရသင့်ရထိုက်သူအားလုံးအား ညီမျှစွာရယူခံစားသော သဘောဟုမှတ်ယူမိလေသည်။