Monday, January 27, 2014

လွတ်လပ်ခြင်း



          လွတ်လပ်ခြင်းဆိုသည်မှာ မူလသဘောတရားအားဖြင့် အဓိပ္ပါယ်နှစ်မျိုးထွက်နိုင်လေ၏။ ပထမတစ်မျိုးကား ပရမတ္တသဘော သံသရာမှလွတ်မြောက်ခြင်း၊ ကိလေသာတရားတို့၏ အနှောင်အဖွဲ့ခံရခြင်းမှ လွတ်ထွက်သွားသော သဘောပါလေသည်။ ဒုတိယတစ်မျိုးမှာ သမုတိသဘော အချုပ်အနှောင်မှ ကင်းလွတ်ခြင်းဖြစ်သည်။ လွတ်လပ်ခြင်းတွင် လွတ်ခြင်းနှင့်လပ်ခြင်း သဘောတရား ပါလေသည်။ လွတ်ခြင်းဟူသည့် လွတ်ကျွတ်လွတ် မြောက်ထွက်လာသည့်သဘော တရားဖြစ်၏။ လပ်ခြင်းဆိုသည်မှာ လစ်လပ်ခြင်းသဘော/ဟင်းလင်း ဖြစ်ခြင်းသဘော ဖြစ်လေ၏။
          လွတ်လပ်ခြင်းသည် ကောင်းသောသဘော/ အများကြိုက်နှစ်သက်သည့်သဘော ပါဝင်လေ သည်။ သို့သော် လွတ်လပ်ခြင်းဟူသောသဘောသည် သူ၏ကိုယ်ပိုင်ရပ်တည်ခြင်း မဖြစ်ပေါ်နိုင်ပေ။ မလွတ်လပ်ခြင်း ချုပ်နှောင်ခံရခြင်းနှင့်အပြန်အလှန် ထောက်မရခြင်းသဘော ရှိရလေသည်။ ထိုမလွတ်လပ်သော အချုပ်အချယ်တို့မှ ရုန်းထွက်လိုခြင်းနှင့် ရုန်းထွက်နိုင်ခဲ့ခြင်း အောင်မြင်ပါမှ လွတ်လပ်ခြင်းကို ရနိုင်လေသည်။
          လွတ်လပ်ခြင်းသည် ကောင်းမွန်သောလူသားမျိုးနွယ်၏ ဆင့်ကဲဖြစ်စဉ်များတွင် အဓိကအခန်း ကဏ္ဍမှ အလွန်အရေးကြီးစွာပါဝင်နေပေသည်။ လွတ်လပ်မှုမရှိလျှင် ပွင့်လင်းသောအတွေးအခေါ်များ မရရှိနိုင်ပေ။ အတွေးခေါ်မပွင့်လင်းပါက အတတ်ပညာမဆန်းသစ်နိုင်ပေ။ အတတ်ပညာမဆန်းသစ်ပါ က ဆန်းသစ်သောတီထွင်မှုမရရှိနိုင်ပေ။ အတွေးအခေါ်အားနည်းခြင်း၊ အတတ်ပညာနည်းပါးခြင်း၊ တီထွင်ဆန်းသစ်မှုမရှိခြင်းသည် ခေတ်နောက်ကျခြင်းပင်ဖြစ်လေသည်။ 
           ထို့ကြောင့် လွတ်လပ်ခြင်းမရှိသူတို့သည် အချုပ်အချယ်မှ ရုန်းထွက်လိုကြသည်။ သို့သော် လွတ်လပ်ခြင်းသည် ရုန်းထွက်ခြင်းကိစ္စ ပြီးမြောက်သော်လည်း တည်ငြိမ်သောအဆင့်သို့ တိုက်ရိုက် မရောက်နိုင်သေးပေ။ လွတ်လပ်ခြင်း၏ သဘောသဘာဝကို ပြည့်စုံစွာ ခံစားနိုင်ရန်လည်း လိုအပ်ပေသည်။ ထိုသို့ခံစားနိုင်ရန် တည်ငြိမ်အေးချမ်းသောလွတ်လပ်ခြင်း အဖြစ်ဖြင့်စတင်တည် ဆောက်ရပေမည်။ တည်ဆောက်သည့်အခါ တိကျသေချာ၍ မိမိအကျိုးနှင့် အများအကျိုးအား အာမခံချက်ပေးနိုင်သော စည်းမျဉ်းစည်းကမ်းများ ချမှတ်လိုက်နာနိုင်စွမ်းရှိရပေ မည်။
                    အချုပ်အချယ်ခံရစဉ်က စည်းမျဉ်းများသည် တစ်ဖက်သက်အကျိုးစီးပွားအတွက် ချမှတ်ထားခဲ့၍ ချုပ်ချယ်ခံရသူတို့သည် ကျူးလွန်ဖောက်ဖျက်သူဖက်ကသာ တည်ရှိခဲ့သောကြောင့် ချမှတ်သူတို့ဖက်ကအနေဖြင့် မစဉ်းစားခဲ့ရပေ။ ထိုချမှတ်သူတို့ရရှိခဲ့သော (ကျူးလွန်သူကြောင့်)  တန်ပြန်အကျိုးသက်ရောက်မှုမျိုး မခံစားခဲ့ရပေ။ လွတ်လပ်သောအခါတွင်မူ မိမိတို့ချမှတ်သော စဉ်းမျဉ်းစည်းကမ်းများ၏ အကျိုးသက်ရောက်မှုအပြင် တန်ပြန်သက်ရောက်သောအကျိုးအားလည်း ထိုချမှတ်သူနှင့်ပါဝင်သူအား လုံးခံစား၊ စံစားကြရပေမည်။
           ထို့အပြင်ချမှတ်သော လုပ်ဆောင်လိုက်နာရန် စည်းဘောင်များသည် သင့်တင့်မျှတ၍ အံဝင်ခွင်ကျဖြစ်ရန်လည်း အရေးကြီးပေသည်။ သင့်တင့်၍မျှတခြင်းမှ ကင်းဝေးလျှင်သော်လည်း ကောင်း၊ အံဝင်မှုလွဲချော်လျှင်သော်လည်းကောင်း တည်ငြိမ်မှုနှင့် အေးချမ်းမှု ဆိတ်သုဉ်းသွားနိုင်လေ သည်။ ထိုအခါလွတ်လပ်ခြင်းသည် ကောင်းကျိုးထက် ဆိုးပြစ်ကိုသာပေးစွမ်းနိုင်ခြင်းကဲ့သို့ ဖြစ်သွားနိုင် လေသည်။ ထို့ကြောင့် စဉ်းဘောင်များချမှတ်၊လိုက်နာ၊လုပ်ဆောင်ရာတွင် ကန့်သတ်ချုပ်ချယ်လိုခြင်း အဓိကမဟုတ်စေဘဲ ချမ်းသာကောင်းကျိုးများ အတတ်နိုင်ဆုံးပေးစွမ်းနိုင်စေလိုမှုကိုရှေးရှု၍ ဆောင်ရွက်နိုင်စေရန်အလွန် အရေးကြီးပေသည်။
           ဤသဘောတရားအရ ကြည့်လျှင် လွတ်လပ်ခြင်းသည် လူသားမျိုးနွယ်အားလုံးအတွက် အထူးလိုအပ်လှသော်လည်း ခိုင်မာ၍အကျိုးများစေသော စည်းမျဉ်းစည်းဘောင်များ အထူးလိုအပ် သည်ဟု ယူဆမိလေသည်။

Friday, January 24, 2014

ရိုးသားခြင်း(Honesty)

           ရိုးသားခြင်းဆိုသည်မှာ ယေဘုယျအားဖြင့် ရိုးရှင်းစွာနေထိုင်ခြင်းဖြစ်သည်။ ရိုးသားခြင်းသည် သဘာဝအားဖြင့် မွေးသန္ဓေတစ်မျိုးဖြစ်သည်။ ကျွ်နုပ်တို့ငယ်ရွယ်စဉ်အချိန်၌ ကျွ်နုပ်တို့၏လိုအပ်ချက်အား ငိုခြင်းအားဖြင့် ပြသခဲ့ကြသည်။ မည်သည့်ဘာသာဗေဒမျှမပါဘဲ လွတ်လပ်စွာ ရိုးရှင်းပွင့်လင်းစွာတောင်းခံခဲ့ ကြသည်။ ဤသို့အားဖြင့် အရွယ်တဖြည်းဖြည်းရောက်လာသည်နှင့်အမျှ ရိုးရှင်းစွာတောင်းခံခြင်းမှ ဘာသာဗေဒ တို့နှင့် တောင်းခံလာကြသည်။ ထိုမှတဆင့်စိတ်ကောက်ခြင်းကဲ့သို့မာယာသုံး၍တောင်းခံလာ တတ်ခဲ့ကြသည်။
           အရွယ်ရောက်၍ အသိဥာဏ်အားကောင်းလာသည်နှင့်အမျှ စိတ်ကောက်ခြင်းအဖြစ်နှင့် မလုံလောက်တော့ဘဲ ၀မ်းထဲသိုမှိတ် ကြိတ်ကာကြံစည်ခြင်းဖြင့် လိုချင်သည်ကိုရအောင်ကြံဆောင်လာခဲ့ကြ သည်။ ထိုထက်ပို၍လိုအပ်သောကိစ္စများတွင် လှည့်ဖျားခြင်းအတတ်(သာဌေယျ)တို့ဖြင့်လိုအပ်သည်ကို ရအောင်အားထုတ်လာကြအေသည်။ ထိုထက်လိုအပ်ခဲ့သော်အနိုင်ထက်ပြုခြင်းများပြုလုပ်လာခဲ့ ကြပေသည်။
          ဤဖြစ်စဉ်အရကြည့်သော် အရွယ်ရောက်လာလေလေရိုးဂုဏ်နှင့်ကင်းဝေးသွားလေလေဖြစ် သွားသကဲ့သို့ရှိလေသည်။ မိမိကိုယ်မိမိထိန်းကျောင်းနိုင်သော ပညာနှင့်ပြည့်စုံလေလေ ပို၍ကြောက်စရာကောင်းမည်ကဲ့သို့ ယူဆစရာအကြောင်းရှိလေသည်။ထိုအခါ တွေးခေါ်မြော်မြင်မှုဆိုင်ရာ အတတ်ဖြစ်သောပညာသင်ကြားခြင်း သည် ကြောက်စရာကောင်းသောအမှုကိစ္စဟုယူဆနိုင်စရာဖြစ် လာပေသည်။ ထို့ကြောင့်ရှေးကျသော အချို့ခေတ် အဆက်ဆက်၌ပညာသင်ကြား/သင်ယူခြင်း အားပြင်းထန်ကျပ်တည်းစွာ တားမြစ်ခဲ့ကြလေသည်။
           အချို့သောနိုင်ငံများတွင် တွေးခေါ်ချိန်ဆ ကြောင်းကျိုးရှုမြင်ခြင်းအတတ်သင်ဆရာ (ဆိုကရေတီး စသည်)တို့အား သတ်ဖြတ်ခဲ့ခြင်းများရှိခဲ့ဖူးလေသည်။ သို့သော် ရိုးသားခြင်းမူလသဘာဝဖြစ်သော အလွန်ရိုးရှင်း သည့် ငိုခြင်းအတတ်သည် နေရာတိုင်းတွင် သုံး၍မရစကောင်းပေ။ ထိုလိုအပ်ချက်အား မည်သို့ဖြေရှင်းမည် နည်း။ ထိုအခါရိုးသားခြင်း၏ သဘာဝသဘောတရားတစ်ခုအားထပ်မံဆွဲကိုင်ကြရတော့ သည်။ ရိုးသားခြင်းဟူသည် ရင်ရှင်းရှင်းနှင့်လုပ်ခြင်းဟူသောသဘောတရားတစ်ခု ပေါ်ထွက်လာသည်။ (ဗိုလ်ချုပ် အဖ အောင်ဆန်း ပြောဖူးသည်ဟု မှတ်သားဖူး)။
           ရင်ရှင်းရှင်းနှင့်လုပ်ခြင်းဆိုသည်မှာ မိမိအလုပ်မတွက်ရင်လေးစရာမလိုသော၊တနည်းအားဖြင့်ေ နာက်ပြန်လှည့်စရာမလိုသော၊ တနည်းအားဖြင့် နောင်တတဖန်ပူပန်စရာမလိုသော ပြုမူဆောင်ရွက်ခြင်းဟု ယူဆရပေမည်။ထိုနေရာ၌ နောက်ပြန်လှည့်စရာမလိုအောင်၊ နောင်တရစရာမရှိအောင်လုပ်ရန်မှာ ဖြောင့်မတ် မှန်ကန်ရန် အရေးကြီးပေသည်။ အမှားအမှန်ကို လုပ်စရာအလုပ်အားမဆောင်ရွက်မီတင်ကြိုဝေဖန်ပိုင်းခြား ရန်လိုအပ်ပေသည်။
           ထိုအခါ အမှားအမှန်ခွဲခြားသိသော ကြောင်းကျိုးဆင်ခြင်တတ်သော သဘောရှိသောဝဖန်ပိုင်းခြား တတ်သောပညာကိုသင်ကြားရန် အထူးလိုအပ်လာလေသည်။ ထို့အပြင် လူ့လောက၏ ပြဿနာ ဇစ်မြစ်ကြီးကြီး များဖောက်ဖွားရာသည် လိုဝှက်ထားသောအရာများ ပေါက်ကွဲပွင့်အံထွက်လာသော အချိန်ပင်ဖြစ်လေသည်။ ထိုအခါတွင် တောက်လျှောက်ရိုးသားစွာဆောင်ရွက်ခဲ့သောအရာများသည် လျှို့ဝှက်အမည်းများထွက်လာ ချိန်တွင် အလဟဿ အဖြစ်ဖြင့်နိဂုံးချုပ်ရပေတော့သည်။ဆောင်ရွက်ခဲ့သော အလုပ်မှ ထွက်ပေါ်လာသော အကျိုးရလဒ်သည် မိမိနှင့်တကွ မိမိခေါင်းဆောင်မှုနောက်လိုက်ကြသော အသိုင်းအ၀ိုင်းအတွက် ကောင်းကျိုး ထက်ဆိုးကျိုးသာပေးသော မကောင်းမှုတစ်ခုအဖြစ်ရှင်သန်ကျန် ရစ်လေတော့၏။
ထို့ကြောင့်ရိုးသားခြင်းသဘောဟူသည် သေးငယ်အစိတ်အပိုင်းမှစ၍ ဝေဖန်ပိုင်းခြားပြီးလျှင် နောင်တချိန်
နောင်တကင်းကင်းနှင့် ရင်ဆိုင်နိုင်အောင်လျှို့ဝှက်ချက်ကင်းကင်းနှင့်ပြတ်သားစွာဆောင်ရွက်၊
 ပြုမူ၊ နေထိုင်၊ ပြောဆိုခြင်းဟု ယူဆမိလေသည်။

Monday, January 20, 2014

ခေါင်းဆောင်ခြင်း(Leadership)

          ခေါင်းဆောင်ဟူသော အခြေခံသဘောတရား တစ်ခုတွင် အနည်းဆုံး နောက်လိုက်တစ်ယောက်နှင့် အထက်ပါရှိပြီးဟု ယူဆရပေမည်။ မိမိ၏ ခံယူချက်၊ ယူဆချက်တို့အား လက်ခံသော အသိုင်းအ၀ိုင်းဘောင်
တစ်ခုလည်းရှိရပေမည်။ ရထားတွဲတစ်ခုကဲ့သို့ ခေါင်းတွဲဆွဲဆောင်ရာနောက်သို့ လိုက်မည့်နောက်တွဲများရှိ
ခြင်းသို့ပေ။ ထိုအခါခေါင်းဆောင်၏ အယူအဆသည် နောက်လိုက်များဘေးကင်းခြင်းနှင့် စိတ်ချလုံခြုံမှုရှိ
ခြင်းအား ပေးစွမ်းနိုင်သင့်ပေသည်။
          လူ့အသိုင်းဝိုင်းဘောင်၏လိုအပ်ချက်သည် အဓိကအားဖြင့် ဘေးကင်းလုံခြုံခြင်းနှင့် ကိုယ်စိတ်အေး
ချမ်းတည်ငြိမ်လိုခြင်းဖြစ်သည်။ ဘေးကင်းလုံခြုံခြင်းရရန် ကာကွယ်နိုင်စွမ်းသောလူအား ခေါင်းဆောင်အဖြစ်
ရွေးချယ်လိုကြပေသည်။ ကိုယ်စိတ်အေးချမ်းနိုင်ရန် တည်ငြိမ်ဖြောင့်မတ်သောသူအား ရွေးချယ်လိုကြပေ
မည်။ ထို့ကြောင့်ခေါင်းဆောင်သည် အေးချမ်းတည်ငြိမ်၍ ရဲရင့်ဖြောင့်မတ်သောသူ ဖြစ်ရန်လိုပေလိမ့်မည်။
          ကျွ်နုပ်တို့ဖြတ်သန်းခဲ့သော အချိန်ကာလအတိုင်းအတာများသည် ဘ၀ဖြစ်ခဲ့လျှင် အချိန်ကာလများ
စွာ၊ ဘ၀များစွာကိုဖြတ်သန်းခဲ့ကြရပေသည်။ ဘ၀များစွာ အချိန်များစွာဖြတ်သန်းခဲ့ခြင်းသည် ခေတ်များစွာ
ကိုဖြတ်သန်းခဲ့ကြခြင်းဖြစ်သည်။ ခေတ်များစွာတွင် စနစ်များစွာကိုလည်းဖြတ်သန်းခဲ့ကြပေသည်။ သို့သော်
မည်သည့်ခေတ် မည်သည့်စနစ်တွင်မဆို လူသားအားလုံး၏လိုအင်ဆန္ဒသည် ဘေးကင်းလုံခြုံခြင်းနှင့်
ကိုယ်စိတ်အေးချမ်းတည်ငြိမ်လိုဖြင်းတွင် အဆုံးသတ်နိုင်ပေသည်။
          ထို့ကြောင့်အဆက်ဆက်သော ခေါင်းဆောင်တို့ မိမိတို့လက်ထဲသို့ရောက်ရှိလာသော၊ မိမိစိတ်၌ ထိ
ခိုက်မိသော သဘောတရားများကို ကိုင်ဆွဲကာဦးဆောင်မှုပြုခဲ့ကြပေသည်။ သို့သော် ခေတ်ပေါ်၌ထင်ဟပ်
လာသောသဘောတရားများသည် လူ့အဖွဲ့အစည်းတစ်ခုလုံး လူသားအားလုံးပေါ်သို့တူညီစွာ အကျိုးသက်
ရောက်ခြင်းမဖြစ်နိုင်ပေ။ ထို့ကြောင့် မိမိ၏နောက်လိုက် worrier များနှင့်သင့်တော်လျှော်ကန်သော
သဘောတရားအယူအဆများကို ရွေးချယ်ဖော်ထုတ်နိုင်ရန်လိုအပ်ပေသည်။
         ခေတ်အဆက်ဆက် နိုင်ငံအသီးသီး လူမျိုးအထွေထွေမှ ခေါင်းဆောင်အသီးသီး ပေါ်ထွက်ခဲ့ပေ
သည်။ အချို့သောခေါင်းဆောင်းများအောင်မြင်၍ အချို့သောခေါင်းဆောင် ကျရှုံးခဲ့ကြပေသည်။ အောင်
မြင်ခဲ့သောခေါင်းဆောင်များသည် ခေါင်းဆောင်ကောင်းအဖြစ် သမိုင်းတွင်၍ ကျရှုံးခဲ့သောခေါင်းဆောင်
များမှာခေါင်းဆောင်ဆိုးအဖြစ် ကမ္ဗည်းတွင်ပေသည်။ ထို့ကြောင့် ခေါင်းဆောင်ကောင်းနှင့် ခေါင်းဆောင်
ဆိုးတွင် ရင်တွင်းခံယူချက်(လူ့အဖွဲ့အစည်း အကျိုးပြုရန်) များ တူပင်တူကြသော်ငြား ၎င်းတို့ရွေးချယ်ခဲ့
သဘောတရားရေးများ ကွဲပြားမှုကြောင့်(၎င်း၏လူ့အဖွဲ့အစည်းနှင့်အံမ၀င်မှုကြောင့်) လမ်းကွဲသွားကြပေ
သည်။
          တနေရာ၌ အောင်မြင်သောသဘောတရားသည် အခြားတနေရာ၌ ရာနှုန်းပြည့်အောင်မြင်ရန် ခက်
ခဲကြောင်းအထူးသတိပြုအပ်ပေသည်။ မိမိအသိုင်းဝိုင်းနှင့်အကိုက်ညီဆုံးစံနစ်သည် အကောင်းဆုံးရွေးချယ် မှုဖြစ်သည်ဟု ခံယူမိလေသည်။