Saturday, August 1, 2015

ကျွန်​​တော်​​တွေးမိ​သော အလုပ်​(job)နှင့်​ စီးပွား​ရေး(business)

  
       ကျွန်ုပ်တို့ရပ်တည်နေထိုင်ရာ ဤကမ္ဘာမြေပြင်ပေါ်တွင် လူသားများအဖြစ်မွေးဖွားလာသည့် အချိန်မှစ၍ ကျွန်ုပ်တို့သည် အသက်ရှင်နေထိုင်နိုင်ရေးအတွက် ရုန်းကန်ရင်ဆိုင်ကြရပေသည်။ ကျွန်ုပ်တို့မွေးစအချိန်မှ ကိုယ်ပိုင်ရပ်တည်နေထိုင်နိုင်သည့်အချိန်ထိမူ မိမိအားပြုစုပြိုးထောင်ရာ မိဘ၊ အသိုင်းအဝိုင်း၊ ညီအစ်ကိုမောင်နှမများမှ ရှာဖွေပြုစုကျွေးမွေးခဲ့ကြပေသည်။ ကျွန်ုပ်တို့ ခြေထောက်ပေါ်၌ ရပ်တည်နိုင်သော အချိန်တွင်မူ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ရရှိပြီးသော ကိုယ်အား၊ ဥာဏ်အားအတိုင်း အသက်ရှင်ရပ်တည်ရန် အလုပ်လုပ်ကြရပေသည်။
     အချို့သော ပါရမီထူးသောပုဂ္ဂိုလ်များတွင်မူ သူတို့၏ဆိုင်ရာဘဝရပ်တည်မှုအတွက်သာမကဘဲ အခြားသော ပုဂ္ဂိုလ်သတ္တဝါများအတွက်ပါ အလုပ်လုပ်နိုင်၊ အလုပ်လုပ်ခဲ့ကြပေသည်။ ဤသို့အလုပ်လုပ်ရာ၌ မည်သူ့အတွက်ရည်ရွယ်၍ မည်သို့သောအလုပ်ကိုလုပ်သည်ဖြစ်စေ အလုပ်လုပ်ခြင်းကြောင့် ရရှိနိုင်သောအကျိုးအားမိမိကိုယ်တိုင် အရင်ခံစားစံစားရမည်မှာ မုချပင်ဖြစ်လေသည်။ ယေဘုယျအားဖြင့် ပရဟိတလုပ်ငန်းသီးသီးမဟုတ်ပါက အလုပ်လုပ်ခြင်းကြောင့် ရရှိနိုင်သောအကျိုးမှာ အလုပ်နှင့်ထိုက်တန်သောအခကြေးငွေပင်ဖြစ်ပေသည်။
       ကျွန်ုပ်အပါအဝင် လူသားတို့သည် အလုပ်လုပ်ခြင်းမှရရှိသော လုပ်ခကြေးငွေတို့အား ၎င်းတို့၏ လူမှုနေထိုင်ရေးအတွက် အသုံးပြုကြပေသည်။ ၎င်းတို့အတွက်အသုံးလိုသော အရေးကြီးပစ္စည်းများဝယ်ယူအသုံးပြုနိုင်ရန် လုပ်ခလစာများလိုအပ်လေသည်။ အလုပ်လုပ်ခြင်းကြောင့် လုပ်ခလစာများများရနိုင်ပါက အခြားသောလူနေမှုမြင့်မားနိုင်ရန် အထောက်အကူပြုနိုင်သော ပစ္စည်းများအား ဝယ်ယူသုံးစွဲနိုင်ကြပေမည်။ ထို့ကြောင့်ကျွန်ုပ်တို့လူသားများသည် လုပ်ခလစာ အများဆုံးအားရယူလိုပြီး ပြည့်စုံသောဘဝ၌ ရပ်တည်ချင်ကြပေသည်။
           ဤနေရာ၌ အချက်တစ်ခုအား ကျွန်ုပ်သတိပြုမိလေသည်။ ထိုအရာကား ကျွန်ုပ်တို့သည် အလုပ်လုပ်၍ လုပ်ခလစာရယူလိုသော အလုပ်သမားဘဝဖြင့် ချမ်းသာပြည့်စုံသောဘဝတစ်ခုကို ပိုင်ဆိုင်ရန်မလွယ်ကူနိုင်ခြင်းပေ။ အကြောင်းကားအလုပ်လုပ်သူ အလုပ်သမားတို့သည် လက်ရှိအလုပ်အကိုင်၏ အောင်မြင်မှု/ဆုံးရှုံးမှုတို့အား တိုက်ရိုက်ခံစား၊ စံစားနိုင်သော ဈေးကွက်တည်နေရာမှဝေးကွာသော ထုတ်လုပ်သူ/ဝန်ဆောင် မှုပေးသူ နေရာ၌တည်ရှိသောကြောင့် ဖြစ်လေသည်။ 
        ကျွန်ုပ်တို့သည် ချမ်းသာပြည့်စုံသော ဘဝတစ်ခုကို ပိုင်ဆိုင်ရယူလိုပါက အလုပ်သမားနေရာ၌ ရပ်မနေသင့်ဘဲ အလုပ်သမားတို့အား လုပ်ခလစာပေးနိုင်သော၊ အောင်မြင်မှု/ဆုံးရှုံးမှုနှင့် နီးစပ်သော လုပ်ငန်းရှင်(ထုတ်လုပ်သူ) (သို့မဟုတ်) စီးပွားရေးသမား(ဝန်ဆောင်မှုပေးသူ) အဖြစ်ရပ်တည်ရန် ချဉ်းကပ်ရပေမည်။ ဥပမာအားဖြင့် လယ်လုပ်သားတစ်ဦးသည် လယ်ယာလုပ်ငန်းအား လုပ်ခစား အနေဖြင့်လုပ်ကိုင်နေသမျှကာလပတ်လုံး သူရလိုသော ဘဝအဆင့်မြင့်မားမှုအားရနိုင်မည်မဟုတ်ပေ။ 
          အကယ်၍ သူ၏လုပ်အားခများပိုမိုရရှိအောင်ရှာဖွေ၍ စုဆောင်းကာ လယ်ယာလုပ်ငန်းပိုင်ရှင်အဖြစ် ကူးပြောင်းဆောင်ရွက်နိုင်လျှင်မူ မျှော်မှန်းချက်ဖြစ်သော ချမ်းသာပြည့်စုံမှုနှင့်နီးစပ်နိုင်မည်ဟု ထင်မိလေ သည်။ အင်္ဂလိပ်ဘာသာ စကား၌မူ အလုပ်အကိုင်သည်(Job)ဖြစ်၍ စီးပွားရေးလုပ်ငန်းသည် (Business) ဖြစ်လေသည်။ စီးပွားရေး(Business) သည်  အလုပ်အကိုင်များ(Job) ကို အဓိကဖန်တီးမှုပေးနိုင်သော မောင်းနှင်အားဖြစ်လေသည်။ စီးပွားရေးအခြေခံအဆင့်မြင့်ချင်သူများသည် အစ၌ မိမိကိုယ်တိုင်အလုပ်သမားဘဝခံယူရင်း နောက်တွင်အခြားအလုပ်သမားများအား အလုပ်ပေးနိုင်သော အခြေအနေဖန်တီးနိုင်ရန် လိုအပ်သည်ဟု ခံယူမိလေသည်။








Tuesday, March 3, 2015

လုပ်ချင်တာဘာလဲ


     ကျွန်ုပ်တို့သည် ဤကမ္ဘာလောက၌ရပ်တည်ရှင်သန်ရသည့် ပုထုဇဉ်လူသားများဖြစ်သည့်အလျောက် ကျွန်တော်တို့သည် လုပ်ချင်၊ လိုချင်၊ ရချင်သည့် ဘ၀မျှော်လင့်ချက်များကား ဧကန်မုချ ရှိကြပေလိမ့်ပေမည်။ ထိုလုပ်ချင်၊ လိုချင်၊ ရချင်သောအရာသည် အဘယ်ဖြစ်သနည်းဟူမူကား အတိအကျသိရန်ကားလိုအပ်ပေ သည်။ ဖော်ဆောင်တတ်ရန်လည်း လိုအပ်သည်ဟု ခံစားမိပါသည်။ 
     ကျွန်ုပ်တို့လေ့လာခဲ့ရသော ဘောဂဗေဒအလိုအရ လူသားအားလုံးတို့၏ အတောမသတ်လိုအင်ဆန္ဒတွင် ကြီးမြတ်လိုခြင်း၊ မြင့်မြတ်လိုခြင်းသည် လိုအင်ဆန္ဒတစ်ခုအဖြစ်ပါဝင်ပါသည်။ သို့သော်လူသားတို့သည် မိမိခံစားနိုင်သော/မိမိတို့နှင့်ခေတ်ပြိုင်အခြေအနေတွင်ရှိသော ကြီးမြတ်မှုအပြင် ပို၍မခံစားနိုင်/ ပို၍ အမျှော်မှန်းနိုင်ပေ။ မိမိတို့တစ်ခါမျှ မမြင်၊ မတွေ့၊ မခံစားဖူးသောအရာအား ကျော်လွန်ခံစားမျှော်လင့်ရန် မဖြစ်နိုင်ဟူသော သဘောတရားသည်ကား ကျွန်တော်တို့လက်ခံရမည့် ယေဘုယျသဘောတရား ဖြစ်လေသည်။ ကျော်လွန်ခံစားနိုင်စွမ်းလုံးဝ မရှိဟူ၍ကား မဆိုနိုင်ပေ။ ထူးမြတ်သောပါရမီရှင်တို့ကား ခံစားနိုင်ပေသည်။ ( မြတ်စွာဘုရားရှင်၏ ဘုရားလောင်းဘ၀ နှင့် ဘုရားလောင်း၏ ခမည်းတော်တို့၏ အခြေအနေတွင် သိနိုင်ပေသည်။)
    ကျွန်ုပ်တို့ လူသားအားလုံးတို့၌ လူလားမြောက်ရန် မွေးဖွားသုတ်သင် ပေးခဲ့ကြသော မိဘများရှိကြလေ သည်။ ထိုမိဘတို့တွင်လည်း အတောမသတ်သော လိုအင်ဆန္ဒများရှိကြပေမည်။ အဆိုပါမိဘတို့ကိုယ်တိုင် ဖြည့်ဆည်းနိုင်ခဲ့သောလိုအင်ဆန္ဒများရှိနိုင်သလို ဆက်လက်ဖြည့်ဆည်းချင်သော ဆန္ဒများလည်းရှိကြ ပေမည်။ ဖြည့်ဆည်းနိုင်ရန်လည်းအားထုတ်ကြပေမည်။
      များစွာသောမိဘတို့သည် မိမိခန္ဓာကိုယ်ထက်သော်လည်းကောင်း၊ အသက်ထက်သော်လည်းကောင်း သားသမီးတို့အား ပို၍ချစ်ခင်တန်ဖိုးထားတတ်ကြပေသည်။ ထိုကဲ့သို့ ချစ်ခင်တန်ဖိုးထားသည့်အလျောက် မိမိထက်သော်ပို၍ မြင့်မြတ်ထက်မြက်စေလိုကြပေသည်။ ထိုအခါတွင် အဆိုပါမိဘတို့၏ အတောမသတ်သောလိုအန္ဒများအား ဖော်ဆောင်ပေးနိုင်ရန် သားသမီးတို့အပေါ်သို့ လွှဲပြောင်းပေးချင်ကြပေသည်။ သားသမီးတို့အား မိမိတို့ထက်မြင့်မြတ်သော၊ မိမိတို့ခေတ်ပြိုင်တွင် မိမိတို့အားကျသော ဘ၀အခြေအနေအား ရယူပိုင်ဆိုင်စေချင်ကြပေသည်။ သို့သော်သားသမီးတို့၏ အခြေအနေအား အကဲဖြတ်နိုင်ရန်ကား အလွန်ပင်လိုအပ်ပေသည်။ သားသမီးတို့၏ ဗီဇနှင့် ၎င်းတို့၏ ခေတ်ပြိုင်အခြေအနေအားလည်း ထည့်သွင်းတွက်ချက်နိုင်ရန်အထူးလိုအပ်ပေသည်။ မိမိလိုချင်သောပုံစံ ပုံသွင်းခြင်းသည် ရွှံ့ရုပ်ဖယောင်းရုပ်တို့အား ပုံသွင်းခြင်းနှင့် အလွန်တူပေသည်။ ရွှံ့ရုပ်၊ ဖယောင်းရုပ်တို့ကား သက်မဲ့အားပုံသွင်းခြင်း၊ မရှိသေးသော စိတ်ကူးပုံအားပုံသွင်းခြင်း (သို့မဟုတ်) မြင်ဖူးသောအရာအား ပုံတူပြုလုပ်ခြင်းနှင့် တူပေသည်။ စာရေးဆရာကြီး ဆရာဦးအောင်သင်း၏ စာပေဟောပြောပွဲတစ်ခုတွင် ကျွန်တော်မှတ်သားဖူးသော ဒဿနတစ်ခုအား လွန်စွာနှစ်ချိုက်ဖူးလေသည်။
     အဆိုပါ ဒဿနကား မိဘသည်ကား ပန်းပုဆရာနှင့်တူသင့်သည်ဟူသော သဘောတရားဖြစ်လေသည်။ သားသမီးတို့သည် ပန်းပုထုစရာ ပုံကြမ်းသစ်သားမျှသာလျှင်ဖြစ်ပေသည်။ မိဘပန်းပုဆရာတို့သည် သားသမီး ပန်းပုပုံကြမ်းတို့အား မိမိလိုချင်သောပုံသွင်းမည့်အစား ပုံကြမ်းမှမလိုသော မတင့်တယ်အပိုင်းအစတို့အား အနုပညာရှင်(ပညာရှင်)ဆန်စွာ ဖယ်ထုတ်ခြင်းဖြင့် လက်ရာမြောက်တင့်တယ် မွန်မြတ်သော ရင်ဝယ်သားကိုရရှိနိုင်ပေလိမ့်မည်ဟု ဆရာဆိုခဲ့ဖူးလေသည်။ ဤကားမိဘတို့အတွက် ပို၍လိုက်လျောညီထွေတင့်တယ်သော အယူအဆဖြစ်နိုင်ပေမည်။
     သားသမီးဖြစ်သော ကျွန်တော်ဘက်ကလည်း ကိုယ်ပိုင်ဗီဇ လိုအင်ဆန္ဒများ ရှိနိုင်ပေသည်။ ထိုလိုအင်ဆန္ဒများအား တိတိကျကျသိရှိနိုင်ရန် အထူးလိုအပ်ပေသည်။ မိဘတို့ဘက်မှ သူတို့၏ဖြစ်ချင် သောဆန္ဒအား စွန့်လွှတ်၍ ကျွန်တော်တို့၏ လိုအင်ဆန္ဒအား ကူညီဖြည့်ဆည်းပေးနိုင်ပါလျှင် ကျွန်ုပ်တို့၏ လုပ်ချင်သောအာသီသ ဘ၀ဆန္ဒ၊ ဖြစ်ချင်သောဘ၀ရည်မှန်းချက်ကို တိကျသေချာစွာ သိရန်ပိုမို အရေးကြီးပေသည်။ ဤနေရာတွင် ကျွန်တော်၏ကိုယ်ပိုင်အယူအဆမဟုတ်သော၊ ဆရာဖေမြင့်၏ ကျွန်တော်ကြိုက်သော အယူအဆတစ်ခုအား တင်ပြချင်မိပေသည်။
     ကျွန်ုပ်တို့၏ နှလုံးသား၌ အခြေတည်ခဲ့သော ကျွန်တော်တို့ပြင်းပြင်းထန်ထန်ဆောင်ရွက်ချင်သော အလုပ်သည်ခိုင်မြဲစွာ ရှိတတ်ကြ ပေသည်။ ကျွန်ုပ်တို့သည် တကယ်အဓိပတိလုပ်ချင်သောအရာနှင့် ဖြစ်ချင်သောဘ၀ရည် မှန်းချက်များ ရှိတတ်ကြပေသည်။ ထိုနှစ်ခုအား ပြတ်ပြတ်သားသားသိရန်လိုအပ်ပေသည်။ ထိုနှစ်ခုသည် အချို့သော လူများတွင်ထပ်တူမကျနိုင်ပေ။ ဥပမာဆိုရပါသော် ဆေးကုသောဖြစ်စဉ်တွင် ဆေးကုပေးချင် သောစိတ်နှင့် ဆရာဝန်ဖြစ်ချင်သောစိတ်၊ ပညာဖြန့်ဝေရာတွင် အသိပညာဖြန့်ဝေချင်သောစိတ်နှင့် ကျောင်းဆရာ ဖြစ်ချင်သောစိတ်၊ ဖွံ့ဖြိုးမှုဖြစ်စဉ်တွင် အရာရာသော ရုပ်ဝတ္ထုပစ္စည်းတို့အား တိုးတက်ဖွံ့ဖြိုးစေလိုသော စိတ်နှင့် အင်ဂျင်နီယာဖြစ်လိုသောစိတ် တို့သည် အမြဲတမ်းထပ်တူညီမည်ဟု မဆိုနိုင်ပေ။ ဆရာဝန်ဖြစ် ချင်သူသည် သူ၏စိတ္တာအဓိပတိကြောင့် ဆရာဝန်ဖြစ်ခဲ့ခြင်းနှင့် ဆေးကုသပေးချင်၍ ဆရာဝန်ဖြစ်ခဲ့ခြင်း၌ နောက်ဆုံးရလဒ်မတူညီနိုင်ပေ။ ပညာဖြန့်ဝေချင်၍ ဆရာဖြစ်ခဲ့ခြင်းနှင့် ဆရာဖြစ်ချင်၍ ဆရာဖြစ်ခဲ့ခြင်း သည်လည်းကောင်း၊ တိုးတက်ဖွံ့ဖြိုးအောင် စွမ်းဆောင်ပေးချင်၍ အင်ဂျင်နီယာဖြစ်ချင်သောသူနှင့် အင်ဂျင် နီယာဖြစ်ချင်၍ အင်ဂျင်နီယာဖြစ်ခဲ့သောသူတို့သည် အဓိပ္ပါယ်အားဖြင့်မတူညီနိုင်ပေ။
     မိမိလုပ်ချင်သော အရာနှင့် မိမိဖြစ်ချင်သောအရာမတူညီသောသူတို့သည် အလုပ်အကိုင်များစီမံ ဆောင်ရွက်ရသောအခါ အံဝင်ခွင်ကျဖြစ်နိုင်စွမ်းနည်းပါးကြလေသည်။ ထိုအခါ စိတ်ပျက်အားငယ်မှုတို့သည် အချိန်အခါအလိုက်ဝင်လာနိုင်ပေသည်။ လုပ်ငန်းခွင်အောင်မြင်နိုင်မှုအားနည်းနိုင်ကြပေသည်။ မိမိလုပ်ချင် သော အလုပ်နှင့် မိမိဖြစ်ချင်သောရည်မှန်းချက် ထပ်တူညီသောသူများမှာမူ လုပ်ငန်းခွင်အခက်အခဲများ သည် သူတို့၏မှတ်ကျောက်တင်စရာ ဘ၀မှတ်တိုင်များအဖြစ် ကျန်ရှိနိုင်ပေသည်။ အတင်းအကျပ်တွန်းတင် စရာ မလိုပါဘဲလျက် အထက်တန်းကျသောဘ၀၊ မြင့်မြတ်လိုသော လိုအင်ဆန္ဒသည် အလိုအလျောက် ပြည့်စုံခြင်းသို့ရောက်ကြရပေသည်။ ထိုကဲ့သို့ လုပ်ချင်သောဆန္ဒကို အဓိပတိထား၍ ဖြစ်သင့်ဖြစ်ထိုက်သော၊ ဖြစ်ကိုဖြစ်ရမည့်ဘ၀သို့ ဆိုက်ရောက်ခဲ့ပြီးသော ပုထုဇဉ်နွယ်ဝင်များလည်းများစွာရှိလေသည်။ ဥပမာအား ဖြင့် ဖလောရင့် နိုက်တင်ဂေးသည်လည်းကောင်း၊ သောမတ်(စ်)အယ်(လ်)ဗာ အက်ဒီဆင်သည်လည်း ကောင်း၊ အဲ(လ်)ဗတ် အိုင်းစတိုင်း တို့သည်လည်းကောင်း ကျွန်ုပ်တို့၏ ရှေ့ဆောင်များအဖြစ် အထင်အရှား ရှိခဲ့ကြလေပြီ။
       ပုထုဇဉ်အနွယ်ဝင်မဟုတ်သော(ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တို့၏ ဓမ္မအရ) အရှင်သူမြတ်တို့သည် လည်း မြောက်မြားစွာပွင့်ထွန်းပေါ်ပေါက်ခဲ့ကြလေပြီ။ ကျွန်ုပ်တို့ ရှင်တော် ဗုဒ္ဓမြတ်စွာ ဘုရားသည် အထင် အရှားအားဖြင့် ရှေ့ဆောင်သွားခဲ့ပေပြီ။ ရှင်တော်မြတ်ဘုရားသည် ကိုယ်တော်ကိုယ်တိုင် လိုချင်သော၊ အများခပင်းတို့အတွက်လိုချင်သော၊ အမှန်ပြသောအလုပ်ကိုလုပ်ချင်သော စိတ်ကိုသာအဓိကထား၍ ရရန်/ရောက်ရန်ရှိသော စကြ်ာဝတေးမင်း စည်းစိမ်အားစွန့်လွှတ်တော်မူခဲ့လေသည်။ ( ရှေးရှေး သော ဘ၀တို့၌ကား မြတ်စွာဘုရားဖြစ်ချင်သော သတ္တာဝါတို့အားကယ်ချွတ်၍ လမ်းမှန်ပြလိုသောစိတ် လည်းရှိခဲ့ပါသည်။) အကယ်၍ ဖခမည်းတော်မင်းကြီးအပါအ၀င် အများသူငါတို့ဖြစ်စေချင်သော စကြ်ာဝတေးမင်းစည်းစိမ်အား ရယူခဲ့ပါမူ ကျွန်ုပ်တို့၏ တသလွမ်းဆွတ်၊ မြတ်နိုးတန်ဖိုးထားခြင်း၊ အဆုံးအမတို့အားလေးစားလိုက်နာခြင်း၊ လက်အုပ်စုံကန်တော့ခြင်းအမှုတို့အား ယခုအချိန်တိုင် အောင်ရနိုင်မည် မဟုတ်ဟုထင်မိပါသည်။ (စကြ်ာဝတေးမင်းတမျှ အင်အားကြီးမားခဲ့ပါသော
ဟန်မူရာဘီ၏ ကိုဓ ဥကဒေအား ယခုအချိန်၌ လေးစားလိုက်နာသူများ အလွန်နည်းပါးခဲ့လေပြီ။)
     ထို့ကြောင့်အချုပ်ဆိုရပါမူ လူကြီးမိဘ ဆရာသမားတို့သည် သားသမီး၊လူငယ်တို့အား မိမိဖြစ်စေ ချင်သော အရာတို့ထက် သားသမီး၊လူငယ်တို့ ဖြစ်ချင်သောအရာတို့အား ဖြစ်စေသင့်သောနည်းအတိုင်း သာလျှင် ပံ့ပိုးနိုင်မည်ဆိုပါမူကားလွန်စွာသော ကောင်းကျိုးစီးပွားတို့ တိုးပွားနိုင်မည်ဟုယူဆမိပေသည်။ သားသမီး၊လူငယ်တို့ကလည်း မိမိတို့လုပ်ချင်သောအလုပ်နှင့် မိမိဖြစ်ချင်သောဘ၀ ထပ်တူကျပါသလား စဉ်းစားနိုင်ကြရပေမည်။ အကယ်၍ ထပ်တူမကျခဲ့ပါမူ လုပ်ချင်သောအလုပ်ကိုဦးစားပေး၍ မိမိလုပ်သော အလုပ်မှ ရနိုင်သောဘ၀ကိုသာ ရည်မှန်းချက်ထားနိုင် လျှင်ပို၍သင့်တော်မည်ဟုထင်မြင်မိပါသည်။

Credit to: ဆရာအောင်သင်း
                   ဆရာဖေမြင့်
                   ဆရာအောင်ကိုဦး